လွန်ခဲ့တဲ့ အနှစ် ၂၂၀ လောက်က(၁၇၉၅ ခုနှစ်က) ဗြိတိသျှအရာရှိ ဆင်းဟာ ညောင်ဦးမြို့က လမ်းတွေမှာ ယွန်းထည်ပစ္စည်းဆိုင်တွေ စီတန်းနေတဲ့ မြင်ကွင်းကို ရေးမှတ်ခဲ့ပါတယ်။ ရိုးရာယွန်းလက်ရာအနေနဲ့ ပုဂံဟာ အလွန်နာမည်ကြီးပေမယ့် မြန်မာပြည် အလယ်ပိုင်းဒေသတွေဖြစ်တဲ့ မုံရွာအနီးကကျောက္ကာနဲ့ အင်းဝမှာလည်း ရှေးကတည်းက ယွန်းထည်လုပ်ငန်းကိုလုပ်ကြပြီး သူတို့ပစ္စည်းတွေလည်းပဲ တွင်တွင်ကျယ်ကျယ် ရောင်းချကြရပါတယ်။
ဆင်းရဲ့ အပြောအရ ယွန်းထည်ပစ္စည်းတွေ အားလုံးလောက်ဟာ နေ့တဓူဝသုံးပစ္စည်းတွေပဲ ဖြစ်တယ်။ ယွန်းထည် အသုံးအဆောင်တွေကို အလှူပစ္စည်းဝတ္ထု ထည့်စရာ လင်ပန်း၊ ခွက်၊ သပိတ်၊ ဆွမ်းအုပ်၊ ကွမ်းတောင်၊ ပန်းတောင် စသဖြင့် သုံးသလို ထီးသုံးနန်းသုံးပစ္စည်းတွေအဖြစ်နဲ့လည်း သုံးကြပါတယ်။ အခုခေတ် ယွန်းထည်တွေအနေနဲ့ လူနေမှုစနစ်ကြီး ပြောင်းလဲတာနဲ့အတူ ပုံသဏ္ဌာန်အရရော အဆင်တန်ဆာ(ဒီဇိုင်း) အရပါ တော်တော်ကြီးကိုပဲ ပြောင်းလဲသွားပါပြီ။
မြန်မာယွန်းထည်တွေဟာ ဝါးနဲ့ စစ်စေးကို အသုံးပြုပြီး လုပ်တာပါ။ ပစ္စည်းကိုယ်ထည်ကို သေးငယ်တဲ့ နှီးနဲ့ ပြုလုပ်ပြီး အပေါ်ကနေ စစ်စေးနဲ့ အထပ်ထပ် သုတ်လိမ်းကာ နေပြ အခြောက်လှမ်းရပါတယ်။ ထူးခြားတာဆိုရင်တော့ ကိုယ်ထည်ပေါ်မှာ အလှဆင်တဲ့ နည်းလမ်း ဖြစ်တယ်။ ချွန်ထက်တဲ့ ဓားသေးသေးလေးနဲ့ သေးငယ်တဲ့ ကောက်ကြောင်းတွေကို ထွင်းပြီး ပေါ်လာတဲ့ ထွန်ကြောင်းလေးတွေထဲကို အရောင်အသွေးစုံ စစ်စေးရည်တွေကို လောင်းထည့်လိုက်ပြီးရင် ပြီးပြည့်စုံတဲ့ ယွန်းထည်ပစ္စည်းတခုဖြစ်သွားပါပြီ။ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ ပေါက်ဖွားခဲ့တဲ့ ဒီနည်းကိုဂျပန်မှာ “ကင်းမ” လို့ ခေါ်ပါတယ်။
ပုဂံပျက်သွားပြီးတဲ့နောက် ၁၄ရာစုနှစ်လောက်ကနေ ၁၈ရာစု ဝန်းကျင်မှာ ယွန်းထည်ပစ္စည်းလုပ်ငန်းကို အရှေ့မြောက်ဖက်က တောင်တွေကို ဖြတ်ပြီး မြန်မာနိုင်ငံထဲကို စတင် ပို့ပေးခဲ့ပါတယ်။ ဧရာဝတီမြစ်ဝှမ်းက ဝါးနဲ့ ရှမ်းပြည်နယ်တောင်ကုန်းတွေက စစ်စေး ပေါင်းဖက်ပြီး ယွန်းထည်ပစ္စည်း ဖြစ်လာတာပါ။ ယွန်းထည်လုပ်ငန်းဟာ ယဥ်ကျေးမှု ဗဟိုချက်မ ပုဂံရဲ့ ထူးခြားတဲ့ ရိုးရာစဥ်လာ လက်မှုလုပ်ငန်းလို့ ပြောစမှတ် ပြုနိုင်ပါတယ်။
Copyright © 2017, Wonder Bagan. All Rights Reserved.