ပုဂံသမိုင်း

မြန်မာ့သမိုင်းရဲ့ ပထမဦးဆုံး ဘုရင့်နိုင်ငံတော်ဟာ ခရစ်နှစ် ၁၁ ရာစုကနေ ၁၃ ရာစုအထိ ထွန်းကားခဲ့တဲ့ ပုဂံဘုရင့်နိုင်ငံတော် ဖြစ်ပြီး မြန်မာ့ယဥ်ကျေးမှုကို တည်ဆောက်ခဲ့တဲ့ အလှည့်အပြောင်း မှတ်တိုင် ဖြစ်ပါတယ် ။ဗုဒ္ဓဘာသာကို ပင်လယ်ကမ်းရိုးတန်းဒေသတွေအရောက် ပျံ့နှံ့စေခဲ့ပြီး ပြည်သူတွေက ကုသိုလ်ရဖို့အတွက် စေတီပုထိုးတွေကို အားကြိုးမာန်တက် ဆောက်လုပ်လှူဒါန်းကြပါတယ်။ နောက်ပိုင်းခေတ်တွေမှာတောင် ပုဂံဟာ ရေကြောင်းသွားလာရေး သော့ချက်အဖြစ် ကြွယ်ဝချမ်းသာခဲ့တယ်။ အဆက်ဆက် တက်တဲ့ မင်းတွေလဲ ဘုရားပုထိုး အမြောက်အမြားကို တည်ဆောက် ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့ပါတယ်။ ဒီနေ့တိုင်အောင် ပြည်တွင်း ပြည်ပ လူအမြောက်အမြားက မြန်မာ့ယဥ်ကျေးမှုရဲ့ ဇာတိမြေအဖြစ်ရော ရှေးဟောင်းယဥ်ကျေးမှုကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ဖို့ ကြိုးပမ်းအားထုတ်နေတဲ့အတွက်ပါ ပုဂံကို ချစ်မြတ်နိုးကြပါတယ်။

ပုဂံဘုရင့်နိုင်ငံတော် ဖြစ်တည်ပေါ်ပေါက်လာပုံ

ပုဂံခေတ်ကို ခရစ်နှစ် ၁၁ ရာစုမှာ စတင်တည်ထောင်သူဟာ အနော်ရထာမင်းကြီး ဖြစ်တယ်လို့ ပြောကြပါတယ်။ ဒီဘုရင့်နိုင်ငံတော်ရဲ့ ဗဟိုချက်ကတော့ အခု ပုဂံမြို့ဟောင်းလို့ ခေါ်တဲ့ နန်းတော်ပဲ ဖြစ်ပါတယ်။ ဧရာဝတီမြစ်ကမ်းပေါ်မှာ တည်ရှိပြီး မြစ်ရေတိုက်စားလို့ နန်းတော်ရဲ့ အစိပ်အပိုင်းတခု ပျက်စီးခဲ့ပေမယ့် ရှေးကတော့ နန်းတော်ကို မြို့ရိုးလေးဖက်နဲ့ ကျုံးက ဝိုင်းပတ်ကာရံထားပါတယ်။ မင်းတြားစံမြန်းတဲ့ နန်းဆောင်က အလယ်ဗဟိုမှာ ရှိပါတယ်။ နန်းမရဲ့ အတွင်းနဲ့ အပြင်မှာ ဘုရင်ကိုယ်တော်တိုင် တည်ထားတဲ့ ကြီးမားတဲ့ ဘုရားတဆူ ရှိပါတယ်။

ရေကြောင်းသယ်ယူပို့ဆောင်ရေးအတွက် အခရာကျတဲ့ ဧရာဝတီမြစ်တလျောက် ဘုရင့်နိုင်ငံတော်ရဲ့ အာဏာစက်ဟာ အရပ်မျက်နှာအနှံ့ ဖြန့်ကျက်သွားတဲ့အပြင် ဘုရင့်နိုင်ငံတော်ရဲ့ တောင့်တင်းတဲ့ စပါးကျီကလည်း နိုင်ငံတော်အင်အားအဖြစ် ထောက်ပံ့ပေးနေပါတယ်။ ပုဂံပြည်ရဲ့ သြဇာဟာ ကမ်းရိုးတန်းဒေသတွေတိုင်အောင် သက်ရောက်ပြီး မွန်တို့ပြည်က မွန်လူမျိုးတွေရဲ့ ယဥ်ကျေးမှုရော ရေကြောင်းသွားလာရင်း ထိတွေ့ရတဲ့ အိန္ဒိယက အဆင့်မြင့်တဲ့ ယဥ်ကျေးမှုကိုပါ လက်ခံ ရယူပါတယ်။ ရှင်အရဟံကို အကြာင်းပြုပြီး ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓစာပေတွေကို သွတ်သွင်း ကိုးကွယ်စေခဲ့တာဟာ ထင်ရှားတဲ့ သက်သေပါပဲ။ ရှေးဟောင်းဘုရားပုထိုးတွေကို အစောပိုင်းက မွန်ဘာသာနဲ့ ရေးထိုးခဲ့ပြီး မနူဟာဘုရားဆိုရင်လဲ နန်းကျ မွန်မင်းက တည်ခဲ့သလို ပုဂံမတိုင်ခင်က ပျူယဥ်ကျေးမှုလက်ရာတွေ လွှမ်းတဲ့ ဘုရားပုထိုးတွေ တည်ခဲ့ကြတာတွေဟာ အဲဒီခေတ်က ယဥ်ကျေးမှု ဖလှယ်တာတွေ ရောယှက်တာတွေ ပေါင်းစည်းမှုတွေရဲ့ အကောင်းဆုံး ဥပမာတွေပါပဲ။

ဘုရားတည်ယဥ်ကျေးမှု ထွန်းကားလာပုံ

ခရစ်နှစ် ၁၂ ရာစုမှာ ဘုရင့်နိုင်ငံတော်ဟာ ပိုမိုတိုးတက်မှုကို ရခဲ့ပါတယ်။ ဗုဒ္ဓဘာသာကို ဘုရင်ကစလို့ မူးကြီး မတ်ရာ သေနာပတိ အရာရှိ အရာခံတွေနဲ့ ပြည်သူအများစုက လက်ခံကျင့်သုံးလာကြပြီး ဘုရားပုထိုးတွေတည်ဆောက်ရာမှာ တက်တက်ကြွကြွ ပါဝင်လာကြပါတယ်။ ရလဒ်အနေနဲ့ ဘုရားတွေတည်တဲ့ နယ်မြေဟာ နန်းတော်ကနေ အင်မတန် အလှမ်းဝေးတဲ့ အရပ်ဒေသတွေအထိ ပျံ,နှံ့ သွားပါတယ်။

မြန်မာစာလုံး အသုံးပြုမှုကလဲ ပျံ့နှံ့ သွားပါတယ်။ ဘုရားတည်သူတွေက နောင်လာနောက်သားတွေ သိအောင် ကျောက်စာတွေမှာ သူတို့ရဲ့ ကုသိုလ်ကောင်းမှုတွေကို ရေးထိုးကြပါတယ်။ တည်ဆောက်သူရဲ့ အမည်နဲ့ လူမှုအဆင့်အတန်း၊ ဝတ္တကမြေရဲ့ အသေးစိတ် အချက်အလက်၊ လှူတန်းတဲ့ ပစ္စည်းပစ္စယစာရင်းတွေကို လှူတန်းတဲ့ ဘုရားမှာ ရေးထိုးကြပါတယ်။ ဒီကျောက်စာတွေဟာ ပုဂံလူမှုအဖွဲ့အစည်းကို သိဖို့ အဖိုးတန် သက်သေတွေပဲ ဖြစ်ပါတယ်။

ဘုရင့်နိုင်ငံတော် ကျဆုံးခန်း

ဒါပေမယ်လို့ ၁၃ ရာစုထဲမှာ ပုဂံခေတ်ရဲ့ မောင်းနှင်အားတွေရဲ့ တက်ကြွမှုက မှေးမှိန်ပျောက်ကွယ်သွားပါတယ်။ စေတီပုထိုးတွေ နိုင်ငံတဝှမ်း တဖက်စောင်းနင်း အလွန်အကျွံ တည်ဆောက်တာကနေ နိုင်ငံတော်ရဲ့ အင်အားဟာ ကျဆင်း ပျက်စီးသွားတော့တာပါပဲ။ ဘုရားတွေကတော့ အရင်ထက်စာရင် ကျစ်လျစ် သေးငယ်သွားပါတယ်။

အဓိက ထိုးနှက်ချက်ကတော့ တရုတ်ပြည်က ယွမ်နိုင်ငံတော်နဲ့ ဖြစ်ပွားတဲ့ စစ် ဖြစ်ပါတယ်။ ယူနန်နယ်ထဲမှာ နှစ်နိုင်ငံတပ်တွေ အင်အားတိုးချဲ့လာပြီး အလုံးအရင်း ထိပ်တိုက်တွေ့ကြတာပါပဲ။ ဒါကို မာကိုပိုလိုက သူ့စာအုပ်ထဲမှာ ဖော်ပြခဲ့ပါတယ်။အပြင်းအထန်နဲ့ ကြောက်မက်ဖွယ် တိုက်ပွဲကြီးတွေ အပြီးမှာတော့ ပုဂံက စစ်ရှုံးခဲ့တယ်။ ဒီနောက် မကြာခင်မှာပဲ ဘုရင့်နိုင်ငံတော်ဟာ မရေမတွက်နိုင်တဲ့ ဘုရား ပုထိုးနဲ့ စေတီတွေကိုသာ ချန်ခဲ့ပြီး ပျောက်ကွယ်သွားပါတော့တယ်။

ပုဂံခေတ်အလွန်

ပုဂံဘုရားတွေနဲ့ တချိန်ထဲလိုလို တည်ဆောက်ခဲ့တဲ့ ကမ္ဘောဒီးယားက အန်ကောဝပ် အင်ဒိုနီးရှားက ဘိုရိုဘူရူးစတဲ့ တခြား အရှေ့တောင်အာရှနိုင်ငံတွေမှာ တည်ဆောက်ခဲ့ကြတဲ့ ရှေးဟောင်း ဘုရားပုထိုးတွေ အားလုံးလောက်ကို သိပ်မကြာခင်မှာပဲ လူတွေ မေ့ပျောက်ကုန်ပါတယ်။ ဒါပေမယ့် ပုဂံကိုတော့ မမေ့ကြပါဘူး။ သူတို့ရဲ့ ဘာသာတရားအပေါ် ယုံကြည်မှုအရေးပါမှုတွေ မဆုံးရှုံးခဲ့ပါဘူး။ သူတို့နဲ့ ပုဂံ မတူတာက ပုဂံကို ၁၄ - ၁၈ ရာစု တောင်ငူခေတ်ကော ၁၈ - ၁၉ရာစု ကုန်းဘောင်ခေတ် မင်းအဆက်ဆက်ကပဲ ပုဂံရဲ့ အဓိက ဘုရားပုထိုးတွေကို ထိန်းသိမ်း စောင့်ရှောက်ခဲ့တာ ဖြစ်ပါတယ်။ကျန်ရစ်နေသေးတဲ့ အချို့သော ရှေးဟောင်းဘုရားပုထိုးတွေဟာ ကုန်းဘောင်ခေတ်က တည်ဆောက်ခဲ့တာတွေ ဖြစ်ပါတယ်။ နံရံ ဆေးရေးပန်းချီတွေကိုလည်း စောင့်ရှောက်တာတွေ လုပ်ခဲ့ပါတယ်။ အဲဒီခေတ်လောက်ကစပြီး ပုဂံဟာ ယွန်းထည်ထုတ်လုပ်ရာ ဗဟို ဖြစ်လာပါတယ်။ ၁၉ ရာစုမှာ ဥရောပနိုင်ငံသားတွေ ရောက်လာကြပြီး ပုဂံရဲ့ ရေမြေတောတောင် ရှုခင်းအလှအပတွေကို စတင်ပြီး ပန်းချီဆွဲကြ ဓာတ်ပုံရိုက်ယူကြ လုပ်ကြပါတယ်။

ယနေ့ ပုဂံ

ပုဂံကို ထိန်းသိမ်းစောင့်ရှောက်ရေးဟာ ကိုလိုနီခေတ်မှာရော လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံအနေနဲ့ပါ အရေးကြီးတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ရှေးဟောင်းဘုရား ပုထိုးတွေက အရေအတွက် သိပ်များတာရယ်၊ တည်ရှိတာကလည်း အလွန်ကျယ်ပြန့်တဲ့ မြေဧရိယာကြီးထဲမှာ ဟိုတစ်ခု သည်တစ်ခု ပြန့်ကျဲနေတာရယ် လူအင်အား မလုံလောက်တာ ခွင့်ပြုငွေ နည်းပါးတာတွေရယ်ကြောင့် ထိန်းသိမ်း ပြုပြင် မွမ်းမံ စောင့်ရှောက်ရေး လုပ်ငန်းဟာ အင်မတန်ကို ခက်ခဲပါတယ်။

၁၉၇၅ ခုနှစ်က ပုဂံနဲ့ အနီးဝန်းကျင်ကို ဗဟိုပြုပြီး အတော် ပြင်းထန်တဲ့ ငလျင်ကြီးတခု လှုပ်ခတ်သွားပါတယ်။ အဆောက်အဦး တော်တော်များများ ပျက်စီးပြိုကျခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် အပြည်ပြည်ဆိုင်ရာ ပြုပြင် မွမ်းမံ ထိန်းသိမ်းစောင့်ရှောက်ရေးစနစ်ကြီးတခု လိုအပ်တယ်ဆိုတာ အသိအမှတ်ပြုလာကြရပါတယ်။

ပုဂံဟာ ၂၀၁၆ ခုနှစ်မှာ ပြင်းထန်တဲ့ငလျင်တခု ထပ်မံ ရင်ဆိုင်ခဲ့ရ ပြန်ပါတယ်။ အဆောက်အဦးတခုချင်းက အဲဒီခေတ်ရဲ့ လူမှုရေးအခြေအနေ၊ ယဥ်ကျေးမှုဖလှယ်ခြင်း အနေအထားနဲ့ ဆောက်လုပ်ရေး နည်းပညာတွေအတွက် အကောင်းဆုံး သက်သေတွေပါပဲ။ ရေရှည် ပြုပြင်မွမ်းမံ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းဖြစ်တဲ့ ယူနက်စကိုနဲ့ မြန်မာအစိုးရတို့ ပူးပေါင်းလုပ်ဆောင်ကြဖို့ ကြိုးပမ်းနေကြပြီ ဖြစ်ပါတယ်။

လက်တွဲဖော်တွေ
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဧဂျင်စီ (ဂျိုက်ကာ)
ပုဂံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း စီမံကိန်း

This email address is being protected from spambots. You need JavaScript enabled to view it.  |  Facebook  |  Instagram

Copyright © 2017, Wonder Bagan. All Rights Reserved.