ဓမ္မရံကြီး ဂူဘုရား

ဓမ္မရံကြီး ဂူဘုရား

ပုံသဏ္ဌာန်
ဂူဘုရား
တည်နေရာ
အလယ်လွင်ပြင်
တည်နှစ်
၁၂ ရာစု
ရှေးဟောင်းအမှတ်
၇၇၁

ဗိသုကာလက်ရာ

မင်းနန်သူဖက်ကို ဦးလှည့်ရင် မြို့ကနေ အရှေ့တောင်ဖက် တစ်ကီလိုမီတာ အကွာမှာ တည်ရှိပါတယ်။ ဂူဘုရားဖြစ်ပြီး ဗိသုကာသဘောအရ အာနန္ဒာနဲ့ ပန္နက် တူပါတယ်။ တစ်ထပ်သာ ရှိပေမယ့် အထက်မှာ ပိရမစ်သဏ္ဌာန် ပစ္စယာ ၆ ဆင့် တက်တဲ့နောက် သူရဲ့ ပုထိုးအထွတ်လည်းပဲ လဲပြိုခဲ့တော့ ထိပ်က ခပ်တုံးတုံးပုံ ပေါ်နေပါတယ်။ မုခ်ကုံးတွေနဲ့ အဆောက်အဦရဲ့ အဓိက အစိတ်အပိုင်းတွေဟာ ဒီနေ့တိုင် ခိုင်ခန့်ကောင်းမွန်နေပါသေးတယ်။

ဒီဘုရားရဲ့ ပြောစမှတ်ပြုလောက်အောင် ကောင်းမွန်တဲ့ဟာကတော့ အုတ်စီတဲ့ နည်းပညာ ဖြစ်ပါတယ်။ ရွှံ့နဲ့ ထုံး သဲ စတာတွေကိုသာ သုံးပေမယ့် အကောင်းဆုံးအုတ်စီပညာကြောင့် ကုန်လွန်ခဲ့တဲ့ ရာစုနှစ်အတွင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေနဲ့ သဘာဝဘေးတွေကို ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်။အုတ်တွေဟာ တချပ်နဲ့တချပ် ပူးကပ်နေအောင် စီထားတဲ့အတွက် တချပ်ထဲလို့ ထင်ရအောင် ကောင်းမွန်လှပါတယ်။

ဘုရားအတွင်း ကြမ်းခင်းပုံစံက အပြိုင်စင်္ကြံနှစ်ခု ပါပါတယ်။ အတွင်းကိုဝင်တဲ့ လမ်းပေါက်မှန်သမျှကို ဘာအကြောင်းနဲ့ ပိတ်ထားတယ်ဆိုတာ မသိပေမယ့် ပြန်ပိတ်ထားတာ တွေ့ရပါတယ်။ ဒါကြောင့် မုခ်လေးခုနဲ့ အပြင်စင်္ကြံကို ဝင်ရောက်နိုင်ပါတယ်။ အရပ်လေးမျက်နှာက ဝင်ပေါက် မုခ်လေးခုအတွင်း တခုစီ တခုစီမှာ ဗုဒ္ဓဆင်းတုတော် တဆူစီ ရှိပါတယ်။ ဘုရား အတွင်းခန်းမှာ ဂေါတမဗုဒ္ဓနဲ့ နောင် ပွင့်တော်မူမယ့် အရိမေတ္တယျဗုဒ္ဓတို့ရဲ့ မူလဆင်းတုတော်တွေ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

အင်္ဂတေမပါပဲ တွဲဆက်ထားတဲ့ အပေါ်ထပ် ပစ္စယံတွေက အုတ်စီပုံဟာ ပုဂံတမြေလုံးမှာ အကောင်းဆုံး ဖြစ်ပါသတဲ့။ အခုအခါမှာတော့ အထက်ပစ္စယံတွေနဲ့ ဖုံးကွယ်ထားတဲ့ လှေကားတွေဟာ ဧည့်သည်တွေအတွက် မဝင်ရတဲ့ ကန့်သတ်နယ်မြေ ဖြစ်သွားပါတယ်ခင်ဗျား။

သမိုင်း

သမိုင်းမှတ်တမ်းအရ ဓမ္မရံကြီးဘုရားကို ဘုရင်နရသူက အေဒီ ၁၁၇၀ ခုနှစ်မှာတည်တယ်၊ ဘုရားကြီးရဲ့ “အထုအထည်ကြီးမားတာရယ် အုတ်စီပညာ ကောင်းမွန်တာရယ်ကြောင့်” ထင်ရှားကျော်ကြားတယ်။ ဓမ္မရံကြီးဆိုတဲ့ အမည်ဟာ “တရားရောင်ခြည်တော်များ” လို့ အဓိပ္ပါယ်ရတဲ့ ဓမ္မရံသီ ကနေ ဆင်းသက်လာတာ ဖြစ်တယ်။ ဓမ္မရံကြီးဘုရားဟာ အာရုံခံတန်ဆောင်းလေးခုနဲ့ အပြိုင်စင်္ကြံလမ်း နှစ်လမ်းပါတဲ့ ဘုရားတွေထဲက တဆူဖြစ်ပါတယ်။

အစဥ်အဆက် ပြောစကားတခုကတော့ နရသူမင်းဟာ သူ့ဖခင်နဲ့ အစ်ကိုကို သတ်ခဲ့တဲ့အပြင် သူ့မိဖုရားတွေထဲက တပါးလည်းဖြစ် ပဋိက္ခရားမင်းရဲ့ သမီးတော် မင်းသမီးလည်းဖြစ်တဲ့ မိဖုရားကို ဟိန္ဒူဘုရားကို ဝတ်ပြုပူဇော်တဲ့အတွက် သေဒဏ်စီရင်ခဲ့မိတဲ့သူ့အပြစ်တွေကို ဆေးကြောတဲ့အနေနဲ့ ဒီဘုရားကို တည်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီတည်ဆောက်မှုကို မင်းကြီးကိုယ်တော်တိုင် ကြီးကြပ်ခဲ့ပြီး ပန်းရံတွေ အုတ်စီရာမှာ အုတ်ချပ်တချပ်နဲ့ တချပ်အကြား အပ်ထိုးလို့ ဝင်ခဲ့ရင် အဲဒီပန်းရံကို သတ်တယ်လို့ ပြောစကား ကျန်ခဲ့ပါတယ်။

လက်တွဲဖော်တွေ
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဧဂျင်စီ (ဂျိုက်ကာ)
ပုဂံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း စီမံကိန်း

This email address is being protected from spambots. You need JavaScript enabled to view it.  |  Facebook  |  Instagram

Copyright © 2017, Wonder Bagan. All Rights Reserved.