လောကနန္ဒာစေတီ

လောကနန္ဒာစေတီ

ပုံသဏ္ဌာန်
စေတီ
တည်နေရာ
ပုဂံမြို့သစ်
တည်နှစ်
၁၁ ရာစု
ရှေးဟောင်းအမှတ်
၁၀၂၃

ဗိသုကာလက်ရာ

ဗိသုကာပုံစံအရ လောကနန္ဒာစေတီဟာ ရှေးပျူခေတ်ကနေ သစ်လွင်လာတဲ့ ပုဂံခေတ်ဆီကို ပြောင်းလဲလာတဲ့ သာဓကလေးတွေ တွေ့ရတယ်လို့ ပြောရပါလိမ့်မယ်။

စေတီရဲ့ သိသာထင်ရှားတဲ့ သွင်ပြင်ကတော့ ရှည်မျောမျော ခေါင်းလောင်းပုံ အခုံးဖြစ်ပြီး ရှစ်မြှောင့်ပုံ အောက်ခံဖိနပ်ပေါ်ကနေ တဖြည်းဖြည်း ရှူးသွားတဲ့ ပစ္စယံသုံးဆင့်အပေါ်မှာ ထိုင်ပါတယ်။ အောက်ပစ္စယံနှစ်ဆင့်ရဲ့ ဘက်သုံးဘက်မှာ လှေကားတွေ တပ်ဆင်ထားပါတယ်။ ခေါင်းလောင်းပုံ အခုံးဟာ ဘာအဆင်တန်ဆာမှ မပါပဲ ရိုးရိုးရှင်းရှင်း ထုလုံးပုံ ဖြစ်ပါတယ်။ ခေါင်းလောင်းအထက်က ဖောင်းရစ်တွေမှာ အနုစိပ် ပန်းပုံတွေနဲ့ တန်ဆာဆင်ထားပါတယ်။ စေတီရဲ့ထိပ်မှာတော့ အဖိုးတန်ကျောက်မျက်တွေ စီချယ်ထားတဲ့ ထီးတော် ရှိပါတယ်။

ဗုဒ္ဓမြတ်စွာရဲ့ စွယ်တော်ကို ဌာပနာထားရှိတဲ့ နေရာကိုတော့ သွားလို့မရပါဘူး။ ဟိုအရင်တုန်းကတော့ ထုံးဖြူဖြူ ထုလုံးပုံ အုတ်စီစေတီ ဖြစ်ပြီး များမကြာခင်ကမှ လုံးပြည့် ရွှေပိန်းချ စေတီ ဖြစ်လာတာ ဖြစ်ပါတယ်။

သမိုင်း

လောကနန္ဒာဘုရားဟာ မြတ်ဗုဒ္ဓရဲ့ စွယ်တော်ပွားတွေကို ဌာပနာထားတဲ့ ဘုရားလေးဆူအနက်က တဆူ ဖြစ်ပါတယ်။ လောကနန္ဒာ ပါဠိစကားလုံးရဲ့ အဓိပ္ပါယ်က “လောကရဲ့ ပျော်ရွှင်မှု” ဖြစ်ပါတယ်။

အစဥ်အဆက်အပြောအရ ခရစ်နှစ် ၁၀၅၉ ခုနှစ် အနော်ရထာမင်း နန်းစံခိုက်က မင်းကြီး တည်ထားကိုးကွယ်ခဲ့တာ ဖြစ်ပါတယ်။ လောကနန္ဒာစေတီဟာ သီရိပစ္စယာဟိုတယ်ရဲ့ အနောက်တောင်ဖက်နဲ့ ဧရာဝတီမြစ်ကမ်းပါးပေါ်မှာ တည်ရှိပါတယ်။ အနော်ရထာမင်းကြီးဟာ သီရိလင်္ကာဘုရင့်ဆီကနေ ဗုဒ္ဓစွယ်တော်ပွားတဆူ လက်ခံရရှိခဲ့ပါတယ်။ ရှေးမှတ်တမ်းမှတ်ရာတွေအရ ဌာပနာဖို့အတွက် အနော်ရထာမင်းကြီးကိုယ်တိုင် ဧရာဝတီမြစ် ရေနက်ပိုင်းအထိ ဆင်းပြီး ဦးခေါင်းထက်မှာ ပင့်ဆောင် သယ်ယူခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက် မင်းကြီးက စွယ်တော်ကို ဆင်ဖြူတော်ရဲ့ ကျောထက် တင်ပေးပြီး ဆင်ဖြူတော်ရပ်ပြီး ဒူးတုပ်ရာ နေရာမှာ ဘုရားတည်ဖို့အတွက် ဆင်ဖြူတော်ကို ကြိုးဖြေ လွှတ်ပေးပါတယ်။ စွယ်တော်ကို ကျောထက်မှာ တင်ပြီး ဆင်ဖြူတော်က ဟိုဟိုဒီဒီ လှည့်လည်သွားလာပြီး အခု ရွှေစည်းခုံစေတီဖြစ်လာမယ့်နေရာမှာ ဝပ်တဲ့အတွက် ရွှေစည်းခုံစေတီကိုတည်ပြီး စွယ်တော်ကို ဌာပနာပါတယ်၊ ဒီလို ဌာပနာမလုပ်မီ ဆင်ထက်ကနေ ပင့်စဥ်မှာ သူ့အလိုအလျောက် စွယ်တော်ပွားတဆူ ပေါ်ပါတယ်။ ဒီတခါ ဆင်ဖြူတော်ကို ဆက်သွားခိုင်းတဲ့အခါ ပုဂံ မြစ်ဆိပ်အနီးက တောင်ကမူကလေးပေါ်မှာ ဆင်တော် ဝပ်တဲ့အတွက် စွယ်တော်ကို ဌာပနာပြီး လောကနန္ဒာစေတီကို တည်တာ ဖြစ်ပါတယ်။

ဝန်းကျင်တခို

စေတီနဲ့ ကပ်လျက်စင်္ကြံမှာ လူနှစ်ယောက်ထမ်းထားတဲ့ ခေါင်းလောင်းနဲ့ သစ်သားနဲ့ လုပ်ထားတဲ့ ဧရာမစည်ကြီးတို့ကို တွေ့ရပါတယ်။ မြန်မာပုံစံ တင်ပလ္လင်ခွေထိုင်တော်မူ ဗုဒ္ဓဆင်းတုတော်တဆူ စေတီနဲ့ ကပ်လျက် တန်ဆောင်းထဲမှာ ရှိပါတယ်။

အရှေ့ဖက်က အာရုံခံတန်ဆောင်းထဲမှာ သဲကျောက်တုံးကြီးတတုံးကနေ ထုဆစ်ထားတဲ့ ဗုဒ္ဓဆင်းတုတော်တဆူ ရှိပါတယ်။ အဲဒီဆင်းတုတော်က ဓျာနမုဒြာ (နက်နက်နဲနဲ တည်ကြည်ငြိမ်သက်နေ) နဲ့ ထုထားပြီး အမြင့် နှစ်မီတာ ရှိပါတယ်။ အရှေ့ဖက် အာရုံခံတန်ဆောင်းရဲ့ နောက်ဖက်မှာ လောကနန္ဒာလို့ ရေးထားတဲ့ ကျောက်စာနှစ်ချပ် ထောင်ထားပါတယ်။ လောကနန္ဒာနာမည်ဟာ ရှေးပုဂံရဲ့ မူလဘူတ အမည်ဖြစ်ပါတယ်။

ဘုရားပွဲ

လောကနန္ဒာဘုရားပွဲဟာ လပြက္ခဒိန်ကိုပေါ်မူတည်ပြီး မိုးတွင်းကာလ ဇူလိုင်အကုန် မဟုတ်ရင် သြဂုတ်လအစောပိုင်းမှာ ကျင်းပပါတယ်။ အဲဒီအချိန်ဆိုရင် ကြည်ညိုသူတွေ အပျော်ခရီးသွား ဧည့်သည်တွေနဲ့ အလွန်စည်ကားလှပါတယ်။

လက်တွဲဖော်တွေ
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဧဂျင်စီ (ဂျိုက်ကာ)
ပုဂံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း စီမံကိန်း

This email address is being protected from spambots. You need JavaScript enabled to view it.  |  Facebook  |  Instagram

Copyright © 2017, Wonder Bagan. All Rights Reserved.