ရွှေစည်းခုံစေတီ

ရွှေစည်းခုံစေတီ

ပုံသဏ္ဌာန်
စေတီ
တည်နေရာ
ညောင်ဦး
တည်နှစ်
၁၁ ရာစု
ရှေးဟောင်းအမှတ်

ဗိသုကာလက်ရာ

ပုဂံမြို့ဟောင်းကနေ အရှေ့မြောက်ဖက် ၄ မိုင်လောက်အကွာ အရေးအပါဆုံး ဒေသဆိုင်ရာမြို့ဖြစ်တဲ့ ညောင်ဦးမြို့အစွန်မှာ တည်ရှိပါတယ်။ ရွှေစည်းခုံစေတီဟာ လေးထောင့်စပ်စပ် ပစ္စယာ ၃ ဆင့်အပေါ်ကနေ ထိုးထွက်လာတဲ့ ကတော့ပုံ လုံးပြည့် အစိုင်အခဲစေတီ ဖြစ်ပါတယ်၊ နောင်မှာ မြန်ပြည်တခွင်က အခြားအခြားသော စေတီပုထိုး အမြောက်အမြားတို့ရဲ့ ရှေ့ပြေးနမူနာပုံစံလဲ ဖြစ်ပါတယ်။

ခေါင်းလောင်းပုံအခုံးရဲ့ခါးမှာ တစ်တစ်ရစ်ရစ်ခါးစည်း ပါရှိပြီး အခုံးအထက်မှာ အခွေလိုက်အခွေလိုက် ရစ်ခွေတက်သွားတဲ့ ဖောင်းရစ်တွေကနေ အလယ်ကနေ ပုလဲပုတီးခြားထားတဲ့ ကြာမှောက် ကြာလှန် ဒီအထက်က (ထုပိကာ) ငှက်ပျောဖူးမှသည် ငှက်မြတ်နားထိပ် စိန်ဖူးတော်လျှင် အထွတ်ရှိတဲ့ ထီးတော်နဲ့ မိုးထားပါတယ်။ ဒီစေတီဟာ ပုဂံမှာ မူလကတည်ထားတဲ့ စေတီငယ်ကို ငုံပြီးတော့ တည်ကြတဲ့ စေတီပုထိုး ၅၅ ဆူရှိတဲ့အနက် တဆူဖြစ်ပါတယ်။ အစဥ်အလာ ပြောစကားအရဆိုရင် အတွင်းက စေတီငယ်ကို အနော်ရထာမင်းကြီးက တည်ခဲ့ပြီး ကျန်စစ်သားမင်းကြီးက တုရွင်းတောင်ကျောက်ကျင်းကနေ ကျောက်အုတ်တွေ ထွင်းခုတ်သယ်ယူစေပြီး အပြင်ကနေ အုပ်မိုးကာ တည်ထားတာ ဖြစ်ကြောင်း သိရပါတယ်။ ပစ္စယံတွေကို ရုပ်ကြွစဥ့်ကြွေချပ်တွေ အမြောက်အမြားနဲ့ တန်ဆာဆင်ခဲ့ပါတယ်။

စေတီကြီးရဲ့ လေးဖက်လေးတန်ရဲ့ အလယ်တည့်တည့်မှာ ဟိန္ဒူဒဏ္ဍာရီလာ ပင်လယ်စောင့်နတ် အစောင့်ထားတဲ့၊ အထက်ပစ္စယံအထိရောက်တဲ့ လှေကားတွေ ဆောက်လုပ်ထားပါတယ်။ ပစ္စယံသုံးဆင့်စလုံးကို ဗုဒ္ဓရဲ့ အတိတ်က ဘဝါဘဝ ၅၅၀ ဇာတ်တော်လာ ရုပ်ကြွစဥ့်ကြွေချပ်တွေနဲ့ တန်ဆာဆင်ခဲ့ပါတယ်။

စေတီတော်ရဲ့ အရပ်လေးမျက်နှာက မျက်နှာတိုင်းမှာ မတ်ရပ်ဗုဒ္ဓရုပ်ပွားတော်တဆူစီစံပယ်တဲ့ ဂူဘုရားငယ် လေးဆူ ရှိပါတယ်။ အရှေ့ဖက်ကနေ ဘုရားဆီကို လာခဲ့ရင် စောင်းတန်းရဲ့ တဖက်တချက်မှာ မွန်ဘာသာနဲ့ မျက်နှာလေးဖက်စလုံး ရေးထိုးထားတဲ့ ကျောက်စာတိုင်တွေ ရှိပါတယ်။

သမိုင်း

နေရောင်ထဲမှာ ရွှန်းလက်တောက်ပနေတဲ့ ရွှေပြားခတ်လှူပူဇော်ထားတဲ့ ဧရာမ ရွှေစည်းခုံစေတီတော်မြတ်ကြီးဟာ ပုဂံရဲ့ အထင်ရှားဆုံးနဲ့ ရှေးအကျဆုံး စေတီကြီးတဆူ ဖြစ်ပါတယ်။

အစဥ်အလာအပြောအရ ဒီဘုရားကြီးကို ပုဂံသမိုင်းမှာ အင်မတန်မှ ကျော်ကြားပြီး ဘုန်းလက်ရုံးနဲ့ ပြည့်စုံတဲ့ မင်းနှစ်ပါးဖြစ်တဲ့ အနော်ရထာနဲ့ ကျန်စစ်သားတို့က အစပြုသူက ပြုပြီး လက်စမသတ်သွားနိုင်တော့ လက်စသတ်ပေးနိုင်သူက အဆုံးသတ်သူက သတ်ပေးလိုက်တာပါပဲ။ စတင် တည်တာက ၁၀၅၉ ဝန်းကျင်လောက်ကပါ၊ လုံးဝပြီးစီးတာကတော့ ၁၁ ရာစု အကုန် ဖြစ်ပါတယ်။

လူပြောများတာ တခုကတော့ ဒီဘုရားတည်တဲ့နေရာကို သူ့ကျောကုန်းပေါ်မှာ မြတ်ဗုဒ္ဓရဲ့ သရီရဓာတ်တော်တွေကိုတင်ပြီး လွှတ်လိုက်တဲ့ ဆင်ဖြူတော်က ရွေးတာလို့ ဆိုပါတယ်။ ဒီဘုရားမှာ ဗုဒ္ဓရဲ့ ညှပ်ရိုးတော်နဲ့ အံတော်လေးဆူတို့ကို ဌာပနာထားတယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် မြန်မာတပြည်လုံးက ဗုဒ္ဓဘာသာဝင်တိုင်းက ရွှေစည်းခုံစေတီတော်ကို အင်မတန် ကြည်ညိုကိုင်းရှိုင်းကြပါတယ်။

ဝန်းကျင်တခို

စေတီစတည်ကတည်းက ဝန်းထဲမှာ နတ်ကွန်းတွေ ဂူဘုရားတွေ စသဖြင့် အများအပြား ဆောက်ကြပါတယ်။ အဲဒီအဆောက်အဦတွေကို တဖက် တဖက် မီတာ ၂၃၀ ရှည်လျားပြီး ဝင်ပေါက်တပေါက်စီပါတဲ့ အုတ်တံတိုင်းနဲ့ ခတ်ထားပါတယ်။ ပဓာန ဝင်ပေါက်ဝကြီးမှာ ဒဏ္ဍာရီလာ ဧရာမခြင်္သေ့ရုပ်ကြီးနှစ်ရုပ်က စောင့်ကြည့်နေကြပါတယ်။ ဖက်နှစ်ဖက် စျေးသယ်တွေ ပြည့်နေတဲ့ စောင်းတန်းရှည်က စေတီတော်ကြီးဆီကို ဦးတည်နေပါတယ်။

စေတီတော်ပြတိုက်ထဲမှာ ဂီတသမားတွေ အက မင်းသား မင်းသမီးတွေ ကနုတ်ပန်းတွေနဲ့ အနုစိပ်လက်ရာတွေပါတဲ့ သစ်သားတံခါးရွက်ကြီးတခုကို ပြသထားပါတယ်။ ဒီသစ်သားတံခါးရွက်ဟာ စေတီတော်ကြီးရဲ့ အတွင်းသစ်သားတံတိုင်းမှာ ကနဦးကတည်းက တပ်ဆင်ခဲ့တဲ့ ရာစုနှစ်ပေါင်း ၉ ရာစုကျော် အိုမင်းတဲ့ တံခါးရွက် ၉ ရွက်ထဲက တခုဖြစ်ပါတယ်။

ရွှေစည်းခုံစေတီဟာ ဗုဒ္ဓရဲ့ သရီရဓာတ်တော်တွေနဲ့အတူ အောက်ပါ အံ့ဖွယ် (၉) ပါးတွေကြောင့် ဗုဒ္ဓဘာသာဝင် အမြောက်အမြား ထက်သန်တဲ့စိတ်ထားနဲ့ ဘုရားဖူးလာကြတာ ဖြစ်ပါတယ်။ အဲဒီအံ့ဖွယ် (၉) ပါးကတော့ - -

  1. ထီးတော်ကို ကြိုးမဆိုင်းရပဲ မြဲမြံတယ်
  2. စေတီတော်ရဲ့အရိပ်ဟာ တံတိုင်းပြင်ပကို မထွက်ဘူး
  3. ရွှေလှောင်စက္ကူကို စေတီထိပ်က ကျဲချပေမယ့် ဘုရားဝန်း ပြင်ပ မထွက်ဘူး
  4. ဘုရားဖူး လူပုရိတ်သတ် လာချင်သလောက်လာ ဘုရားဝန်းနဲ့ ဆံ့တယ်
  5. ဘယ်သူမှ အရုဏ်ဆွမ်းကို ဦးအောင် မတင်နိုင်ဘူး
  6. စေတီတော်တဖက်မှာ တီးတဲ့စည်သံကို အခြားတဖက်က မကြားရဘူး
  7. စေတီတော်ဟာ အမှန်မြင့်တာထက် ပိုမြင့်တယ်လို့ ထင်ရတယ်
  8. ဘယ်လောက် မိုးသည်းထန်ပါစေ ဘုရားရင်ပြင်တော်ပေါ်မှာ ရေမတင်
  9. ရင်ပြင်တော်မှာ ပေါက်နေတဲ့ ခရေနဲ့ ချယားပင်တွေဟာ နှစ်ပတ်လည် ပန်းပွင့်ကြတယ်

ညမိုးချုပ် နေဝင်ရီတရော စေတီတော်ကို မီးဆလိုက် ရောင်စုံတွေနဲ့ ပူဇော်တဲ့အခါ ဆန်းကျယ်နက်နဲတဲ့ ဝန်းကျင်တခု ဖြစ်ပေါ်နေသလို ခံစားရပါတယ်၊ ညချမ်းချိန် ရွှေစည်းခုံကို သွားရောက်ဖူးမျှော်မယ်ဆိုရင် သင့်ကို အံ့ဖွယ်ခံစားမှုပေးလိမ့်မယ်လို့ ပြောချင်ပါတယ်။

ဘုရားပွဲတော်

ရွှေစည်းခုံဘုရားပွဲတော်ကို မြန်မာပြက္ခဒိန် ၉ လပိုင်း (အနောက်တိုင်း ပြက္ခဒိန် ဒီဇင်ဘာ) မှာ ကျင်းပပါတယ်၊ နှစ်စဥ်နှစ်တိုင်း ကြည်ညိုသူတွေ ထောင်နဲ့ချီပြီးလာအောင် ဆွဲဆောင်နိုင်ပါတယ်။

လက်တွဲဖော်တွေ
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဧဂျင်စီ (ဂျိုက်ကာ)
ပုဂံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း စီမံကိန်း

This email address is being protected from spambots. You need JavaScript enabled to view it.  |  Facebook  |  Instagram

Copyright © 2017, Wonder Bagan. All Rights Reserved.