သဗ္ဗညုဂူဘုရား

သဗ္ဗညုဂူဘုရား

ပုံသဏ္ဌာန်
 ဂူဘုရား
တည်နေရာ
ပုဂံမြို့ဟောင်း
တည်နှစ်
၁၂ ရာစုနှစ်
ရှေးဟောင်းအမှတ်
၁၅၉၇

ဗိသုကာလက်ရာ

ပုဂံရဲ့ ရှေးဟောင်းဘုရားပုထိုးတွေကို မိုးပြီး အာနန္ဒာဘုရားကနေ အနောက်မြောက်ဖက် ကိုက် ၅၀၀ လောက်အကွာ မြို့ရိုးအတွင်းမှာပဲ သဗ္ဗညုကဘုရားကမားမားမတ်မတ် တည်ရှိနေပါတယ်။ သဗ္ဗညုဘုရားဟာ ပုဂံမှာ နှစ်ထပ်တည်တဲ့ ဘုရားတွေထဲက တဆူ ဖြစ်တယ်။ မြေပြင်အထက် ပေ ၂၁၀ မြင့်တဲ့အတွက် ပုဂံလွင်ပြင် ဘယ်နေရာလောက်ကမဆို ဒီဘုရားကို ဖူးမြင်နိုင်ပါတယ်။

အရှေ့ဖက် ဆင်ဝင်တခုတည်းကပဲ ပင်မအဆောက်အဦရဲ့ နံရံကနေ သိသိသာသာ ထိုးထွက်နေတယ်။ သဗ္ဗညုဘုရားရဲ့ ပန္နက်ပုံစံဟာ လေးဖက်လေးတန် အာရုံခံလေးခုပါတဲ့ စတုရန်းကျကျ အာနန္ဒာနဲ့ မတူဘူး၊ ဒါပေမယ့် အရှေ့ဖက်အာရုံခံကတော့ အချိုးကျနေတာ ပျက်သွားအောင် အခြားဆင်ဝင်တွေထက် ရှေ့ဖက်ကို တိုးထွက်နေပါတယ်။

ဒီဘုရားဟာ နှစ်ထပ်ရှိပြီး ဗုဒ္ဓဆင်းတုတော်က အပေါ်ထပ်မှာ ကိန်းဝပ်တော်မူပါတယ်။ အလယ်လှေကားအခြေမှာ အရှေ့ဖက်ရှိ အာရုံခံတန်ဆောင်းနှင့် ဝင်ပေါက်ဂိတ်တခါးမကြီးတို့ကို မျက်နှာမူထားတဲ့ အစောင့်နတ်ရုပ်နှစ်ခု ပါရှိပါတယ်။

လှေကားထစ်တွေက အလယ်ဗဟိုမှာ စင်္ကြံပတ်လမ်းအတိုင်း လိုက်သွားရင် ဒုတိယထပ်ကို ဦးတည်နေပါတယ်။ ထူထဲတဲ့ အတွင်းနံရံမှာ ဖောက်ထားတဲ့ လှေကားကျဥ်း နှစ်ခုထဲက တခုအတိုင်း တက်ခဲ့ရင် ပေါင်းကူးစင်္ကြံ ရှိတဲ့ ဒုတိယထပ်ကို ရောက်ပြီး၊ ဘုရားအပြင်ဖက်က တက်လာတဲ့ လှေကားက အထက်က အထပ်တွေဆီကို ရောက်ပါတယ်။ စင်္ကြံပတ်လမ်းတွေ စေတီရံတွေ စုလစ်မွန်းချွန်းတွေနဲ့ ဘုရားကြီးဟာ ကြွားရရွား ခန့်ညား မြင့်မားလှပါတယ်။

အထပ်တိုင်းမှာ ပါတဲ့ အထက်အောက် ပြတင်း အစုံအစုံကြောင့် အတွင်းပိုင်းတွေဟာ အလင်းရောင်ကော လေကောင်းလေသန့်ပါ ကောင်းကောင်း ရပါတယ်။ ဒါပေမယ့် နံရံတွေဟာ ဘာအဆောင်အယောင် အပြင်အဆင်မှ မပါသလို ပလ္လင်တွေနဲ့ စင်္ကြံလမ်းရဲ့ အောက်ဖက်တလျောက်မှာလဲ စဥ့်ကွက်စဥ့်ပန်းတွေ မပါတော့တာ တွေ့ရတယ်။

သဗ္ဗညုဘုရားရဲ့ စင်္ကြံလမ်းတွေကို ထပ်မံ ပျက်စီးယိုယွင်းတာမျိုး မဖြစ်တော့အောင် ဘုရားဖူးတွေ ဝင်ရောက်ခွင့်ကို ပိတ်ပင်လိုက်ပါပြီ။

သမိုင်း

မော်ကွန်းမှတ်တမ်းတွေအရ ခမ်းနားကြီးကျယ်လှတဲ့ ဒီဂူဘုရားကို ၁၂ ရာစုအလယ်ပိုင်းလောက်မှာ အလောင်းစည်သူမင်းကြီးက တည်ထားကိုးကွယ်ခဲ့တာဖြစ်ပြီး ဘုရားကြီးရဲ့ နာမည်တော်ဟာ မြတ်ဗုဒ္ဓကို ရည်စူးတဲ့အတိုင်း “အလုံးစုံ မြင်သိနှံ့စပ်ရှိသူ” လို့ အဓိပ္ပါယ်ဆောင်ပါတယ်။

ဝန်းကျင်တခို

သဗ္ဗညုဘုရားရဲ့ အရှေ့မြောက်ဖက်မှာ ဘုရားကြီး တည်စဥ်က အုတ်တသောင်းကျ အုတ်တဖိုတိုင်း တဖိုတိုင်း တအုပ်ကျစီကောက်ယူပြီး “ဂရို့ချိုး” နာမံတော်နဲ့ ဘုရားငယ်တဆူကို တည်ခဲ့ပါတယ်။ သဗ္ဗညုဘုရားကြီး တည်ဆောက်ပြီးမြောက်ပြီးနောက် ကောက်ယူစုဆောင်း ရထားတဲ့ အုတ်တွေနဲ့ အဲဒီဘုရားငယ်ကို တည်ခဲ့တာပဲ ဖြစ်ပါတယ်။

အရှေ့တောင်ဖက် ဘုရားဝန်း အပြင်ကပ်လျက်မှာ ဘုန်းကြီးကျောင်းတကျောင်းရှိပြီး ဘုရားကနေ လှမ်းမြင်ရတဲ့ အကွာအဝေးမှာ ကျောက်တိုင် နှစ်တိုင် စိုက်ထူထားတာ တွေ့ရပါတယ်။ အဲဒီကျောက်တိုင်တွေက ဘုရားဒါယကာကြီး မင်းကြီးအလောင်းစည်သူရဲ့ ဘုရားကြီးကို ကပ်လှူပူဇော်ထားတဲ့ ကုသိုလ်တော် ခေါင်းလောင်းတော်ကြီးကို တချိန်က ထမ်းထားခဲ့တာလို့ သိရပါတယ်။အဲဒီကျောက်တိုင်တွေမှာ လက်ရာမြောက်တဲ့ ပန်းတမော့လက်ရာတွေ ထွင်းထုထားတယ်လို့ ဆိုပါတယ်။

လက်တွဲဖော်တွေ
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဧဂျင်စီ (ဂျိုက်ကာ)
ပုဂံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း စီမံကိန်း

This email address is being protected from spambots. You need JavaScript enabled to view it.  |  Facebook  |  Instagram

Copyright © 2017, Wonder Bagan. All Rights Reserved.