ထီးလိုမင်းလိုဂူဘုရား

ထီးလိုမင်းလိုဂူဘုရား

ပုံသဏ္ဌာန်
ဂူဘုရား
တည်နေရာ
ပုဂံ - ညောင်ဦးလမိးဟောင်း
တည်နှစ်
၁၃ ရာစု
ရှေးဟောင်းအမှတ်
၁၈၁၂

ဗိသုကာလက်ရာ

နှစ်ထပ်ဂူဘုရားဖြစ်ပြီး မြေပြင်အထက် ပေ ၁၅၀ မြင့်တယ်။ အောက်ခြေမှာ လေးထောင့်စပ်စပ် အနားတဖက် ပေ ၁၄၀ ရှည်တယ်။ အနုစိပ် ပန်းတမော့လက်ရာတွေကို ဂူဘုရားရဲ့ အပြင်နံရံတွေမှာ တွေ့နိုင်တယ်။ အင်္ဂတေ အနုစိပ်လက်ရာနဲ့ စဥ့်စိမ်းသုတ် သဲကျောက် စဥ့်ပန်းတွေမှာ ဘုရားအပြင်ဖက်မှာပဲ အနည်းငယ် ကျန်ပါတယ်။

အာရုံခံခန်းမကြီးမှာ အရှေ့ဖက်ကို မျက်နှာမူပြီး တည်ဆောက်ထားတာ ဖြစ်ပြီး ကျန်သုံးဖက်ကိုတော့ အရွယ်ငယ်တဲ့ ပေါင်းကူးမုခ်ကုံး အာရုံခံတွေနဲ့ တည်ဆောက်ပေးထားပါတယ်။ ပစ္စယာတွေကိုတော့ အစိမ်းရောင် စဥ့်ရေသုတ် သဲကျောက်တွေနဲ့ အလှဆင်ထားပါတယ်။

အတွင်းဖက် နံရံဆေးရေးပန်းချီတွေက ရာသီဥတု ချေဖျက်လို့ မကောင်းတော့ဘူး။ မြေညီထပ်မှာ အရပ်လေးမျက်နှာကို မျက်နှာမူထားတဲ့ ဗုဒ္ဓရုပ်ပွားတော် လေးဆူ ပူဇော်ထားရှိသလို ဂူရဲ့ ထူထဲတဲ့ နံရံထဲကနေ အပေါ်ထပ်ကို လှေကားနှစ်စင်းနဲ့ တက်သွားရင်လဲ ဗုဒ္ဓရုပ်ပွားတော် အဆူဆူကို ဖူးတွေ့နိုင်ပါတယ်။ ဂူနံရံတွေမှာ ပုဂံခေတ်ဒေသခံတွေက လုံခြုံဖို့နဲ့ ဘေးဒဏ်သင့်ပြီး ပျက်စီးတာမျိုး မဖြစ်ဖို့ သူတို့ရဲ့ မွေးသက္ကရာဇ်တွေ ရေးမှတ်သွားတဲ့ မှင်စာတွေကို တွေ့ရပါတယ်။

သမိုင်း

ဇေယျသိင်္ခမင်းဟာ နတ်မင်းတွေရဲ့ ပေါင်ပေါ်မှာ ထိုင်ပြီး မင်းဖြစ်လာတာလို့ ယုံကြည်ရင်းရှိကြသတဲ့။ အံ့ဘနန်း အဆန်းတကျယ်ဇာတ်ကြောင်းကတော့ သူ့အမေက နရပတိစည်သူမင်းကြီးရဲ့ မိဖုရားတွေထဲက တပါးဖြစ်သတဲ့။ အခါတပါးမှာ မင်းကြီးရဲ့လက်ညှိုးမှာ ပေါက်တဲ့ခူနာက တဆစ်ဆစ် ကိုက်ချိန်မှာ အဲဒီမိဖုရားက အနာသက်သာအောင် အာခံတွင်းနဲ့ငုံပြီး နွေးစေသတဲ့။ အနာသက်သာတော့ မင်းကြီးက အနှီမိဖုရားကို လိုရာဆု တောင်းခိုင်းတော့ မိဖုရားက မင်းကြီးမှာ ရှိတဲ့ သားတော် ၅ ပါးအနက်က သူ့သားဖြစ်တဲ့ အထွေးဆုံးသားတော်လေးကို ထီးမွေနန်းလျာပေးဖို့ တောင်းသတဲ့။ ဒီမှာတင် မင်းကြီးက သားတော် ၅ ပါးရဲ့အလယ်မှာ ထီးဖြူကိုစိုက်ပြီး နန်းထိုက်သူဖက်ကို ထီးတော် ညွှတ်စေကြောင်း အဓိဌါန်ပြီး ထီးကို လက်တော်က လွှတ်တာနဲ့ ထီးတော်ဟာ အထွေးဆုံးမင်းသားလေး ဇေယျသိင်္ခဖက်ကို လဲကျသတဲ့။ ဒီလိုနဲ့ ထီးကလည်း လိုလား မင်းကလည်း လိုလားတဲ့ အထွေးဆုံးမင်းသားလေး မင်းအဖြစ်ကို ရောက်တော်မူပါတယ်တဲ့။

သူ နန်းတက်တဲ့အခါ အဓိဌာန်ထီးဖြူ စိုက်ခဲ့ရာနေရာမှာ ဂူဘုရားတဆူ တည်တော်မူပါတယ်၊ ဒီဂူဘုရားကို အဲဒီအချိန်ကစလို့ ထီးလို မင်းလို ဘုရားလို့ ရည်ညွှန်းခေါ်ဝေါ်ကြပါသတဲ့။

လက်တွဲဖော်တွေ
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဧဂျင်စီ (ဂျိုက်ကာ)
ပုဂံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း စီမံကိန်း

This email address is being protected from spambots. You need JavaScript enabled to view it.  |  Facebook  |  Instagram

Copyright © 2017, Wonder Bagan. All Rights Reserved.