စူဠာမဏိဂူဘုရား

စူဠာမဏိဂူဘုရား

ပုံသဏ္ဌာန်
ဂူဘုရား
တည်နေရာ
အလယ်လွင်ပြင်
တည်နှစ်
၁၁၈၃ ခုနှစ်
ရှေးဟောင်းအမှတ်
၇၄၈

ဗိသုကာလက်ရာ

စူဠာမဏိဘုရားဟာ ညောင်ဦးမြို့ရဲ့ အနောက်တောင်ဖက် ၃ မိုင်အကွာ ဓမ္မရံကြီးဘုရားအနီးမှာ တည်ရှိပါတယ်။ ဘုရားအောက်ပိုင်းနဲ့ အထက်ပစ္စယံတွေမှာ ဆင်ထားတဲ့ နေရောင်အောက်မှာ ဖိတ်ဖိတ်လက်နေတဲ့ အရောင်တင်ကြွေပြားတွေကြောင့် နာမည်ကြော်ပါတယ်။

ဒီဘုရားဟာ ကြီးမားတဲ့ဘုရားတွေအနက် ပုဂံခေတ်မှာ နောက်ဆုံးတည်တဲ့ဘုရား ဖြစ်တယ်။ ဘုရားဟာ နှစ်ထပ်ဂူဖြစ်ပြီး လေးထောင့်ပန္နက်ပေါ်မှာ တည်တယ်၊ မျက်နှာလေးဖက်မှာ အာရုံခံမုခ်လေးခု တည်ဆောက်ရာမှာ အရှေ့ဖက်ကမုခ်ကို နည်းနည်း ကြီးကြီးဆောက်တယ်။ တည်ဆောက်ပုံက သဗ္ဗညု ဂေါဓောပလ္လင် ထီးလိုမင်းလိုဘုရားတွေနဲ့ ဆင်ဆင်တူတယ်။ ဒါပေမယ့် စူဠာမဏိဘုရားဟာ ဂေါဓောပလ္လင်နဲ့ ထီးလိုမင်းလိုတို့ထက် ပိုပြီး အနုစိပ်တယ် ဆန်းပြားတယ်။ ပြီးတော့ ဒီဘုရားမှာ ဓမ္မရံကြီးဘုရားရဲ့ သြဇာလွှမ်းမိုးမှုတွေ တွေ့ရတယ်။

ကုလားအုတ်ကျောင်းနှစ်ထပ်ရဲ့ အထက်ကို ပစ္စယံတွေက ရှူးတက်သွားတယ်၊ ထောင့်တွေမှာ ထောင့်စိုက်စေတီငယ် တဆူစီ ရှိတယ်။ မြောက်ပိုင်းအိန္ဒိယမှာ အဦးအစပြုတဲ့ သိခရ ခေါ် ကွမ်းထောင်ကို စူဠာမဏိအပေါ်ဆုံးမှာ တည်ထားတယ်။

အဆောက်အအုံအနေနဲ့ တလုံးတခဲ ထုနဲ့ထည်နဲ့ ခန့်ခန့်ညားညား တည်ဆောက်ထားတာ ဖြစ်တယ်။ ဘုရားအဝင်ဝက ကောင်းပေ့ ညွန့်ပေ့ဆိုတဲ့ အနုပညာ ဗိသုကာလက်ရာနဲ့ တည်ဆောက်ထားတယ်။ ၁၂ ရာစု မှ ၁၉ ရာစုအတွင်းက နံရံဆေးရေးပန်းချီတွေကို ဘုရားရဲ့ အတွင်းဖက် နံရံတွေမှာ အဆင်တန်ဆာအနေနဲ့ တွေ့နိုင်ပါတယ်။ တောင်ဖက်နံရံက ပုံတွေကတော့ ၁၈ ရာစု ပုဂံသားတွေကို ရေးဆွဲထားတာပါ။ ဗုဒ္ဓနဲ့ ယုံတမ်းပုံပြင်ထဲက နဂါးလို သတ္တဝါတွေရဲ့ ပုံတွေကိုလည်း နံရံပန်းချီတွေမှာ ထည့်သွင်းရေးဆွဲထားပါတယ်။ ဒီဘုရားမှာ အကောင်းဆုံး အင်္ဂတေ အနုလက်ရာတွေဖြစ်တဲ့ ပန်းဆွဲ ပန်းမျှော် တိုင်ဖုန်းပန်း စတဲ့ အနုစိပ် ပန်းတော့ ပန်းတမော့လက်ရာတွေအပြင် အင်္ဂတေ ခြူးပန်း ခြူးနွယ် ရုပ်ကြွပန်းချီတွေအပြင် စုလစ် တံကဲပန်းတွေကို ကြည့်ရှုနိုင်တယ်။ အဲဒီလက်ရာတွေက အခြေအနေကောင်းတုန်းဆိုတော့ ဧည့်သည်တွေ ကောင်းကောင်း ကြည့်နိုင်သေးတယ်။ မြေညီထပ်မှာ မျက်နှာလေးဖက်စလုံးမှာ ဗုဒ္ဓဆင်းတုတော် တဆူစီ ကိန်းဝပ်စံပျော်ပါတယ်။ နံရံတွေမှာ မုခ်ကပ်တွေ ပြုလုပ်ပြီး ဗုဒ္ဓဆင်းတုတော်တွေကို တဆူကျ ပလ္လင်တွေနဲ့ ပူဇော်ထားရှိပါတယ်။

တည်ဆောက်စကနေ ဒီနေ့ထိ ဘုရားကြီးကို အကြိမ်ကြိမ် ပြုပြင်မွမ်းမံခဲ့ပါတယ်။ ၁၄ ရာစုနှစ် မင်းနေပြည်တော်ကို ပုဂံကနေ အင်းဝကို ပြောင်းရွှေ့တော့ ပထမအကြိမ် ပြုပြင်ပါတယ်။ ၁၉၇၅ ခုနှစ် ငလျင်ဒဏ်ကြောင့် ဘုရားကြီးရဲ့ အစိပ်အပိုင်းတချို့ ပျက်စီးတယ်၊ အဲဒီနှစ်ထဲမှာပဲ ပြင်ဆင်တယ်။ နောက်ဆုံးအနေနဲ့ ၁၉၉၀ ခုနှစ်က ပြင်ဆင်ခဲ့တယ်။ ၁၂ ရာစု ပန်းချီတွေ အကုန်နီးပါးလောက် ပျက်စီးကုန်ပေမယ့် ပေါင်းကူးမျ​က်နှာကျက်တွေပေါ်မှာတော့ တခြားပန်းချီ ၄၀% လောက် ကျန်နေပါသေးတယ်။

သမိုင်း

စူဠာမဏိဘုရားကို နရပတိစည်သူမင်းကြီးက အေဒီ ၁၁၈၃ ခုနှစ်မှာ တည်ခဲ့ပါတယ်။ ဘုရားအတွင်းမှာ ကျောက်စာနှစ်ချပ် ရှိပါတယ်။ မြောက်ဖက် ဆင်ဝင်မှာ စိုက်ထူထားတဲ့ ကျောက်စာအရ ကုသိုလ်ရဖို့အတွက် နရပတိစည်သူမင်းကြီးက ဘုရားတည်တယ်တဲ့။

မင်းကြီးဟာ ၁၁၇၄ ကနေ ၁၂၁၁ ခုနှစ်တိုင် သူ အုပ်စိုးခိုက်မှာ ဘုရားပုထိုးတွေ အများအပြား တည်ဆောက်လှူဒါန်းခဲ့ပါတယ်။ အဲဒီအထဲက တချို့တဝက်ဟာ သူ့ အကုသိုလ်မှုတွေအတွက် ထေတဲ့အနေနဲ့ လှူဒါန်းတာ ဖြစ်နိုင်တယ်။ သမိုင်းမော်ကွန်းအရဆိုရင် တနေ့သောအခါ မင်းကြီး တုရွင်းတောင်ကနေ ပြန်အလာမှာ ပုဂံဖက်ကမ်း စူဠာမဏိဘုရားတည်တဲ့ ချောက်ကမ်းပါးကနေ ပတ္တမြားအရောင်တောက်တာကို မြင်တော်မူသတဲ့။ ဒါနဲ့ ချောက်ကို ပြည်သူတွေကို ဖို့ခိုင်းပြီး အဲဒီအရောင်တောက်တဲ့နေရာ တည့်တည့်မှာ စူဠာမဏိဘုရားကို တည်ဆောက်ပါတယ်။ စူဠာမဏိဆိုတာ ပတ္တမြားရောင်လျှံ လို့ အဓိပ္ပါယ်ရပါတယ်။

ဒေသအခေါ်အဝေါ်ကတော့ စူဠာမဏိ ဂူဘုရား သို့မဟုတ် စူဠာမဏိ ပုထိုး ဖြစ်ပါတယ်။

လက်တွဲဖော်တွေ
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဧဂျင်စီ (ဂျိုက်ကာ)
ပုဂံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း စီမံကိန်း

This email address is being protected from spambots. You need JavaScript enabled to view it.  |  Facebook  |  Instagram

Copyright © 2017, Wonder Bagan. All Rights Reserved.