ဂူပြောက်ကြီးဂူဘုရား (မြင်းကပါ)

ဂူပြောက်ကြီးဂူဘုရား (မြင်းကပါ)

ပုံသဏ္ဌာန်
ဂူဘုရား
တည်နေရာ
မြင်းကပါရွာ
တည်နှစ်
၁၁၁၃ ခုနှစ်
ရှေးဟောင်းအမှတ်
၁၃၂၃

ဗိသုကာလက်ရာ

ဒီဂူဘုရားဟာ မြင်းကပါရွာ မြောက်ဖက်အစွန်ဆုံးတွင် တည်ရှိတဲ့အတွက် မြင်းကပါ ဂူပြောက်ကြီးလို့ အမည်တွင်တာ ဖြစ်ပါတယ်။ ဂူပြောက်ကြီးဘုရားဟာ ပီဘိ မွန်လက်ရာဖြစ်ပြီး အောက်ခံမှာ လေးထောင့်ကျကျ ဖြစ်ပါတယ်။ အမိုးမှာ ပစ္စယာ အဆင့်ဆင့် ဆင်ခြေလျောဖြစ်ပြီး စင်္ကြံပတ်လမ်းပေါ် မှေးတင်ထားပါတယ်။ ဘုရားရဲ့ အရှေ့ဖက်မှာ မဏ္ဋပ်တခု ထိုးထွက်နေပါတယ်။

အဆောက်အဦအတွင်းပိုင်းကို အပြင်နံရံတလျောက် အချိုးအစား ကျနသေသပ်တဲ့ အပေါက်ပါ သဲကျောက်တုံး ပြတင်းပေါက်တွေနဲ့ အလင်းပေးထားပါတယ်။

အတွင်းပိုင်း ဗုဒ္ဓဆင်းတုတော် ကိန်းဝပ်ရာ ဗဟိုနဲ့ စင်္ကြံပတ်လမ်းနံရံဖောက် အခန်းငယ်တွေမှာတော့ သဲကျောက်နဲ့ ထုဆစ်ထားတဲ့ လက်ရာ အလွန်မြောက်တဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကို ထားပါတယ်။

ကြီးမားတဲ့ အရေးပါမှုကတော့ ဂူအတွင်း ဗဟိုမှာ ကိန်းဝပ်တော်မူတဲ့ ဗုဒ္ဓရုပ်ပွားတော်အခန်း၊ စင်္ကြံပတ်လမ်းနံရံတွေနဲ့ အဝင်အာရုံခံတန်ဆောင်း နံရံတွေပေါ်က ဆေးရေးပန်းချီတွေပဲ ဖြစ်ပါတယ်။ ဒီဆေးရေးပန်းချီတွေကို ဘုရားတည်စဥ်ကတည်းက တချိန်ထဲ ရေးဆွဲထားတဲ့ ပန်းချီတွေဖြစ်ပြီး ပုဂံမှာရှိတဲ့ ရှေးဟောင်းအကျဆုံးတွေထဲက တခုဖြစ်တယ်လို့ ယူဆထားကြပါတယ်။ ပန်းချီကား တခုစီရဲ့ အောက်ခြေတိုင်းမှာ ပန်းချီကားအကြောင်းကို ရှေးဟောင်း မွန်စာနဲ့ ရေးထိုးထားပါတယ်။ ဒါ့ကြောင့် ဒီပန်းချီတွေဟာ ရှေးဟောင်းမွန်စာ လေ့လာရေးအဖို့ အရေးပါလှပါတယ်။

သမိုင်း

ကြော်ကြား လူသိများ မြစေတီကျောက်စာအရ ဒီဘုရားကို ခရစ်နှစ် ၁၁၁၃ ခုနှစ်မှာ သားတော်ရာဇကုမာက သေလုသေဆဲ နာမကျန်းဖြစ်နေတဲ့ ဖခမည်းတော် ကျန်စစ်သားမင်းကြီးရဲ့ ကျေးဇူးတရားတွေကို အောက်မေ့ပြီး တည်ခဲ့တာလို့ သိရပါတယ်။
လက်တွဲဖော်တွေ
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဧဂျင်စီ (ဂျိုက်ကာ)
ပုဂံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း စီမံကိန်း

This email address is being protected from spambots. You need JavaScript enabled to view it.  |  Facebook  |  Instagram

Copyright © 2017, Wonder Bagan. All Rights Reserved.