ဓမ္မရာဇိက စေတီ

ဓမ္မရာဇိက စေတီ

ပုံသဏ္ဌာန်
စေတီ
တည်နေရာ
ဖွားစောရွာ အနောက်ဖက်
တည်နှစ်
၁၁၉၈ ခုနှစ်
ရှေးဟောင်းအမှတ်
၉၄၇

ဗိသုကာလက်ရာ

အုတ်ခုံဖိနပ်တော်အပေါ်ရှိ စတုရန်းပုံ ပစ္စယံ သုံးဆင့်အထက်မှာ တည်ထားတဲ့ ထုလုံးပုံစေတီ ဖြစ်ပါတယ်၊ နောင်မှာ တည်ကြတဲ့ မြန်မာစေတီပုထိုးတွေအတွက် ရှေ့ပြေးပုံစံ ဖြစ်ပါတယ်။ အဆောက်အအုံအနေနဲ့ ညောင်ဦးမြို့က ရွှေစည်းခုံစေတီနဲ့ တူပေမယ့် ဒီစေတီရဲ့ ဖိနပ်တော်က လေးထောင့်မဟုတ်ပဲ ရှစ်မြှောင့်ပုံ ဖြစ်ပါတယ်။ ပစ္စယံတွေရဲ့ ပတ်လည်မှာ ၅၅၀ ဇာတ်နိပါတ်ပုံတွေ ပါရှိတဲ့ စဥ့်ကွင်းစဥ့်ပုံတွေနဲ့ စီချယ်ထားရှိခဲ့ပါတယ်။

ပစ္စယာအထက်မှာ ခေါင်းလောင်းပုံရှိပြီး အဲဒါရဲ့ အလယ်မှာ ရင်စီး ရှိပါတယ်၊ ခေါင်းလောင်းအထက်မှာ ဖောင်းရစ်ရှိပြီး သူ့အထက်မှာ ကြာမှောက် ကြာလန်နဲ့ ကြာမှောက်နဲ့ ကြာလန်အကြားမှာ ရွဲရှိပါတယ်။ သူ့အထက်မှာ သပိတ်မှောက်ရှိပြီး အထက်မှာတော့ ထီးတော်နဲ့ အုပ်မိုးထားပြီး ထီးတော်ရဲ့ ထိပ်ကို ငှက်မြတ်နား စိန်ဖူးတော်တို့နဲ့ အထွတ်တင်ထားပါတယ်။

စေတီရဲ့ အရပ်ငါးမျက်နှာကို မျက်နှာမူထားတဲ့ အာရုံခံမုခ်ဦး ၅ ခု တည်ဆောက်ထားပြီး အတွင်းမှာ ယခုကမ္ဘာရဲ့ ပွင့်ပြီးလေးဆူနဲ့ ပွင့်တော်မူမယ့် နောက်တဆူ စုစုပေါင်း ဘုရား ၅ ဆူရဲ့ ကြေးသွန်းဆင်းတုတော်တွေကို တဆူစီ ပူဇော်ထားရှိပါတယ်။ အရှေ့ဖက်ကို မျက်နှာမူထားတဲ့ မုခ်ဦး ခန်းမမှာ ပုဂံခေတ်ထိုး ကျောက်စာတချပ်နဲ့ အင်းဝခေတ်ရေး နံရံမှင်စာတွေ ရှိပါတယ်။ ၁၈၉၀ ခုနှစ်တုန်းက မသမာသူတွေက ဇာတ်နိပါတ်တော်ပုံပါ စဥ့်ကွင်း စဥ့်ချပ်တွေကို ခွာပြီး ခိုးယူကြလို့ ပျက်စီးယိုယွင်း ကျန်ခဲ့ပါတယ်။

သမိုင်း

ရေးထိုးထားတဲ့ ကျောက်စာတွေရဲ့ အဆိုအရ ၁၁၉၇ ခုနှစ်တုန်းက သီရိလင်္ကာဘုရင်က ဗုဒ္ဓရဲ့ သရီရ ဓာတ်တော်တချို့ကို ပုဂံမင်း နရပတိစည်သူထံ လက်ဆောင်ပို့ပါတယ်၊ အဲဒီ ဓာတ်တော်တွေကို ဌာပနာပြီး ထုထည်ကြီးမားတဲ့ စေတီကို တည်ထားတာ ဖြစ်ပါတယ်။ တစ်နှစ်တာလောက် အချိန်ယူ တည်ဆောက်ရတယ်လို့ သိရပါတယ်။ သရီရဓာတ်တော်တွေကို ခြင်းတောင်းထဲမှာထည့်ပြီး ဌာပနာတိုက်အတွင်း ထည့်သွင်း ပူဇော်ကြောင်း သိရပါတယ်။

လက်တွဲဖော်တွေ
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဧဂျင်စီ (ဂျိုက်ကာ)
ပုဂံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း စီမံကိန်း

This email address is being protected from spambots. You need JavaScript enabled to view it.  |  Facebook  |  Instagram

Copyright © 2017, Wonder Bagan. All Rights Reserved.